ပို့စ်(၁၀၀)ပြည့်အမှတ်တရ (သို့) သားဖနှစ်ယောက်နဲ့ နက္ခတ်ဗေဒင်

ဒီဘလော့လေးကို ပိုစ့်လေးတွေ စိတ်ရူးပေါက်တိုင်း ကောက်တင်လာတာ ဒီပိုစ့်ဟာဆို ပို့စ် ၁၀၀ တောင် ပြည့်သွားပါပြီ။ ပိုစ့်ပါအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ မေးမြန်းဆွေးနွေးကြတာတွေကို ကြုံခဲ့ရလို့ အလွန်ပဲ ၀မ်းမြောက်ခဲ့ပါတယ်။ လေ့လာစရာ နမူနာဇာတာတွေအပြင် စိတ်ဝင်စားဖွယ် ရင်ဖွင့်ဆွေးနွေးသွားသူများကိုလည်း ကျေးဇူးတင်လျှက်ရှိပါတယ်။

များသောအားဖြင့် အနာဂတ်ကံကြမ္မာကို ဆွေးနွေးသူတိုင်း ဝေဖန်ကြတဲ့အချက်ကတော့ စာဖတ်သူတွေမှာ နက္ခတ်ပညာကို လေ့လာလိုသော်လည်း သူတို့မှာ နက္ခတ်နဲ့ပတ်သတ်တဲ့ အခြေခံမရှိပါလို့ ဆင်ခြေပေးတာကိုပဲ ခဏခဏ ကြားကြားနေရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မျိုးရိုးမရှိ၊ ဆရာမရှိကနေ စာအုပ်တွေသာဖတ်ပြီး ဆရာတင်ခဲ့ရတာကြောင့် ဝေါဟာရတွေအတွက် အလွန်ပဲဒုက္ခရောက်ခဲ့ပါတယ်။ကျွန်တော်ဒုက္ခရောက်ခဲ့ချိန် အတော်လေး ကြာမြင့်ခဲ့ပါတယ်။

ထိုဒုက္ခတွေအကြောင်း အမှတ်တရ တင်ပြလိုက်ပါတယ်ခင်ဗျာ။
ထိုဒုက္ခကို စတင်ကြုံစဉ်က ၁၀ နှစ်သားခန့်ရှိဦးမယ်ထင်ပါတယ်။
ကျွန်တော့်ဖခင်မှာ သူလူပျိုဘ၀တည်းက စုဆောင်းထားတဲ့ စာအုပ်တွေက ထင်းရှုးသေတ္တောကြီးနဲ့ ၂လုံးအပြည့်ရှိပါတယ်။ စွယ်စုံကျမ်း ၁၀ အုပ်ကျော်အပါအ၀င် ၀ိပဿနာစာအုပ်တွေ သိပ္ပံစာစောင်တွေနဲ့ ဗဟုသုတဖြစ်ဖွယ်စာအုပ်တွေဖြစ်ပါတယ်။ အဲဒီထဲမှာမှ အင်္ဂ၀ိဇ္ဖာလင်္ကာရကျမ်းနဲ့ ဖခင်ရဲ့ မှတ်စုစာအုပ်ကို အလွန်ပဲ စိတ်ဝင်စားပါတယ်။ အင်္ဂ၀ိဇ္ဖာကျမ်းထဲက လင်္ကာသံပေါက်တွေကို နားမလည်နိုင်ဖြစ်ခဲ့ပါတယ်။ ဖခင်ရဲ့ မှတ်စုထဲမှာလည်း အဖေ့ဇာတာ တစ်သက်စာ ဟောစာတမ်း၊ နက္ခတ်တွက်ပုံတွေ၊ ဂြိုလ်တွေ၊ အင်းတွေ၊ ၀ိဇ္ဖာကျင့်စဉ်တွေ စုံအောင်ပါတာကြောင့် အဖေများနားလည်မလားလို့ မေးပါတယ်။ သိချင်ကြောင်းပေါ့ဗျာ။

အဖေကဖြေပါတယ်။ သားတကယ်စိတ်ဝင်စားရင် အဖေ့ဆရာ ဗေဒင်ဆရာရှိတယ်။ သူ့ဆီပို့ပေးမယ်၊ ထမင်းမငတ်စေရဘူး။ ချမ်းသာတာမချမ်းသာတာက သားကြိုးစားမှုပဲ။ သွားမလား။ ခုချက်ချင်းပို့မယ်။ ကျောင်းထွက်လို့ ဆိုပါတော့တယ်။ ကျွန်တော့်မှာ ကျောင်းမထွက်ချင်တာကြောင့် အဖေ့ကိုလည်းကြောက်တာကြောင့် မချင့်မရဲနဲ့ လိပ်ခဲတည်းလည်းနဲ့ မလေ့လာနိုင် ဖြစ်ခဲ့ရပါတယ်။

တက္ကသိုလ်ရောက်တဲ့ အခါမှာတော့ မန္တလေးစာအုပ်ဆိုင်တွေမွှေပြီးရှာဖတ်ပါတော့တယ်။ တနည်းအားဖြင့် တတ်ရဲ့ သားနဲ့ မသင်ပေးလို့ အဖေ့အပေါ်မခံချင်စိတ်နဲ့ မချင့်မရဲဖြစ်တာကြောင့် လေ့လာဖြစ်တယ်ဆိုလည်း မမှားပါဘူး။ ရွာကိုရောက်လို့ တတ်ထားသိထားတာလေးတွေရှိလို့ အဖေ့ကို ကြွားရင် အဖေက မင့်လေ့လာတာတွေက ဘုရားဗေဒင်လောက် မမှန်ပါဘူးကွာ လို့ခနဲ့ပါတယ်။ ဘုရားဗေဒင်က မနေ့ကထက် ဒီနေ့ သေဖို့ တစ်ရက်နီးလာပြီဆိုတာပါတဲ့။

ရွာကိုရောက်တိုင်း တိုးတက်လာမှုကို ကြွားလေ့ရှိပါတယ်။ အဖေကတော့ အမြဲပြုံးနေပါတော့တယ်။ တစ်ခါကလည်း တစ်အိမ်လုံးကို လက္ခဏာကြည့်ပေးပါတယ်။ အဖေ့ကိုတော့ မကြည့်ပါ။ အဖေမှ စိတ်မ၀င်စားပဲလို့ ဘာသိဘာသာနေလိုက်ပါတယ်။ ထူးဆန်းစွာပဲ အဖေကကြည့်ခိုင်းပါတယ်။ မင်းကြည့်တတ်တယ်ဆို ငါ့လက္ခဏာကြည့်ကွာတဲ့။

ကျွန်တော်ဆုံးဖြတ်ချက်မချနိုင်ဖြစ်ခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဖေ့လက္ခဏာမှာ လမ်းကြောင်းအားလုံး မျဉ်း အားလုံး ၂ထပ်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဟာ ရာပေါင်းများစွာသော လက္ခဏာတွေ ကြည့်ဖူးပါတယ်။ စာအုပ်တွေထဲမှာ ပါပြီး အပြင်မှာ တစ်ယောက်စ နှစ်ယောက်စတွေ့ဖူးတာမျိုးလည်း ကြုံပါတယ်။ ဥပမာ လက်သန်းအောက် ကနေ လက်ဝါးဇောင်းအတိုင်း လက်ဖနောင့်ဆီသွားတဲ့ ထောင်လိုက်လမ်းကို (ကျန်းမာရေးလမ်းမဟုတ်ပါ) ဗိုလ်ညွှန့်မောင် လက္ခဏာစွယ်စုံကျမ်းမာ တွေ့ဖူးပြီး ကျွန်တော့်သူငယ်ချင်းတစ်ယောက်မှာသာ တွေ့ဖူးတာမျိုးပါ။

ကျွန်တော့်ဖခင်လက္ခဏာကတော့ ကျမ်းတွေထဲမှာ ဘယ်လိုဆိုကြမယ်မသိပါ။ လမ်းကြောင်းနှစ်ကြောင်းဖြစ်လို့ တစ်ကြောင်းက အရံလို့ပြောမလား၊ သို့မဟုတ် ဖွာထွက်လို့ မအောင်မြင်ဘူးယူဆမလားတော့ မသိပါ။ သို့သော် အပြိုင် နှစ်လမ်းကြောင်းတို့ဟာ ညီညာပြီး သန့်ရှင်းနေတာကိုတော့ ဆုံးဖြတ်ရခက်မှာပါ။ ဘယ်ညာနှစ်ဖက်လုံးမှာဖြစ်ပါတယ်။ အထူးသဖြင့် ဦးခေါင်းလမ်းကြောင်းနှစ်ကြောင်းနှစ်ကြောင်းနဲ့ အသက်လမ်းကြောင်း နှစ်ကြောင်းမှာ တစ်စုံက ပူးထွက်ပြီး၊ တစ်စုံက ခွဲထွက်ပါတယ်။ အိမ်ထောင်ရေးလမ်းကြောင်းနှစ်ကြောင်းမှာ တစ်ကြောင်းက လက်ညှိုးအောက်ကို သွားပြီး၊ တစ်ကြောင်းက လက်ဖ၀ါးတစ်ခုလုံးကို ထိုးဖေါက်ထွက်သွားပါတယ်။ လက်ချောင်းများ ရှည်သွယ်ပြီး လက်သန်းဖျားဟာ အင်မတန်ချွန်ထွက်နေပါတယ်။

အဖေ့ရဲ့ မွေးနေ့ဟာ ၁၃.၁.၁၉၅၅ ဖြစ်တာကြောင့် အနောက်တိုင်း ဂဏန်းဗေဒင်အရ ၄ ဂဏန်းသဘာဝနဲ့အတူ ၁၃ ဂဏန်းရဲ့ ထူးခြားမှုတွေလည်း ရှိနေမယ်လို့ ယူဆပါတယ်။ ၈ တန်းအောင် ဘ၀တည်းက ဘာသာရေးလိုက်စားခဲ့တယ်လို့ သိရပါတယ်။ မွေးချင်းတွေနဲ့ မိဘကို အပူမကပ်လိုသူဖြစ်တာကြောင့် အိမ်ထောင်ရေးထိခိုက်မတတ်တောင် ဖြစ်ခဲ့ရသူပါ။ ညသန်းခေါင်ကျော်မှာမွေးပါတယ်။

အဖေ့ဇာတာမှာ သူ့မွေးနံဖြစ်တဲ့ ကြာသာပတေး ဥစ်မူပါတယ်။ ကြာသာပတေးဥစ်ဝဂုတ္တမန၀င်းစီးပါတယ်။ လဂ်က ၅တေးန၀င်းစီးပါတယ်။ အထူးခြားဆုံးကတော့ ဂြိုလ်ပူးမရှိပဲ ဂြိုလ် ၇ လုံး တစ်လုံးစီသီးသန့်တည်နေတာပါပဲ။ လဂ်နဲ့ ဥစ်စနေ ပူးပါတယ်။ ရှေးခေတ် GTI ဆင်း အင်ဂျင်နီယာဖြစ်သော်လည်း အင်ဂျင်နီယာအလုပ်နဲ့ အသက်မမွေးဘဲ၊ မြို့သားတစ်ယောက်ဖြစ်သော်လည်း မြို့ပြကို စွန့်ကာ ကျေးလက်အခြေချရင်း အခြေခံပညာအလယ်တန်းပြဆရာအဖြစ်အလုပ်လုပ်ပြီး  မိသားစုနဲ့အတူ အေးချမ်းစွာနေထိုင်လျှက်ရှိပါတယ်။ အသောက်အစားကင်းပြီး ဘာသာရေးအလွန်လိုက်စားပါတယ်။ ကျွန်တော်အိမ်အလည်ပြန်ရောက်တိုင်း သားဖနှစ်ယောက် ဘာသာရေးကြောင်းပြောကြရင် မနက်လင်းတိုင်ပါပဲ။ အမေကတော့ ညဦးလောက်တည်းက ဘေးကထိုင်ငိုက်ပါတော့တယ်။ ၁၂ ကျော်တာနဲ့ အမေအိပ်ပျော်နေပါပြီ။ အမေကတော့ ကျွန်တော့် ပင်တိုင် ပရိဿတ်ပါ။ အမြဲလိုလို ဗေဒင်မေးတယ်လေ။ နောင်မှာ အမေနေမကောင်းဖြစ်တာကို ယတြာနဲ့ ကုသခဲ့ပုံကို တင်ပြပေးပါ့မယ်။ အဖေကတော့ စိတ်ဝင်စားဟန်မပြပါ။

အောက်ပါဇာတာဟာ ဖခင်ရဲ့ ဇာတာဖြစ်ပြီး၊ ကျွန်တော်ပထမဆုံး ကလေးဘ၀က မြင်ဖူးတဲ့ ဇာတာဖြစ်ပါတယ်။ ဖွဲ့ပေးသူက အဖေ့ဆရာလို့ ဆိုပါတယ်။ ဘယ်သူမှန်းမမေးဖူးပါ။ တစ်သက်တာဟောစာတန်းရေးပေးခဲ့တာတွေ့ပါတယ်။ ကျွန်တော့်ဆီမှာ ခုထိ ကူးထားပါတယ်။ မွေးချိန်အရ ပရိုဂရမ်နဲ့ ဇာတာဖွဲ့လိုက်ပါတယ်ခင်ဗျာ။



ကျွန်တော် ဗေဒင်ပညာစတင်လေ့လာမိတာဟာ ဖခင်ကြောင့်ဆိုလည်းမမှားပါဘူး။ ဖခင်ကို ပုန်ကန်လိုသောစိတ်မဟုတ်ဘဲ ၀ါသနာကို တားခဲ့တယ်လို့ ထင်ခဲ့မိပါတယ်။ ခုချိန်မှာ စာကောင်းကောင်းမသင်ဘဲ ဒီအကြောင်းအရာတွေကို ဘလော့ရေးနေတယ်လို့ အဖေသာသိရင် သြရသသားကြီးကို ခပ်ပြုံးပြုံးကြည့်နေဦးမယ်ထင်ပါတယ်။ အဖေပြောလေ့ရှိတဲ့ ပြောနေဦးမယ့်စကားတစ်ခွန်းကိုလည်း သိနေပါတယ်။ ဒါတွေဟာ အဆုံးမရှိတဲ့ ပညာတွေပါတဲ့ခင်ဗျ။

ကျွန်တော်ကတော့ လောင်စာမကုန်အောင် ထပ်လောင်းရင်း မောင်းနှင်နေဆဲပါပဲ အဖေရယ်။ မဆုံးတဲ့ပန်းတိုင်ကြီးဆီ မျှော်ကိုးရင်း မရောက်နိုင်တဲ့ ခရီးရှည်ကြီးရဲ့ အလည်မှာ ဆီကုန်လို့ဖြစ်စေ၊ စက်ပျက်လို့ဖြစ်စေ ရပ်တန့်သွားမှာကိုတော့ သားလည်း မဖြစ်ချင်ပါဘူး။

အဖေတောင် တစ်ချိန်က လျှောက်လှမ်းခဲ့ဖူးသေးတာပဲလေ။
သားတော်မောင်သည်လည်း ပြေးလွှားဆဲပါ။
ပြုံးပြုံးကြီးသာကြည့်နေပါတော့ အဖေရေ ...

ကိုပခန်း

ဆက်လက်၍...

ပို့စ်ဖတ်ရာမှာ လွယ်ကူစေဖို့

ပို့စ်တွေကိုဖတ်ရာမှာ အခြေခံမရှိသူများအတွက် အိမ်ရှင်ကဘယ်ဂြိုလ်၊ ဥစ်ကဘယ်ဟာ၊ ဘယ်သူနဲ့ ဘယ်သူကမိတ် စသည်ဖြင့် မမှတ်မိဖို့မလွယ်ပါဘူး။ ဒါလေးတွေ အဆင်ပြေဖို့ အောက်က flash လေးရေးပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ။

  • ဘယ်ဘက်ဘေးကပုံငယ်လေးတွေကို ကလစ်ပြီး ပုံ(၁၀)ပုံကို တစ်ပုံချင်း ကြည့်နိုင်ပါမယ်ခင်ဗျ။

ဒီပုံလေးတွေကို ရှင်းပြရမယ်ဆိုရင် ...



အပေါ်ပုံက ရာသီတွေကို ခေါ်ပုံပါ။ အပေါ်ဆုံးထိပ်က မိဿရာသီပေါ့ဗျာ။


အပေါ်ပုံက အိမ်ပိုင်ပါ။ အပေါ်ဆုံးအိမ်မှာ ၃ ရေးထားလို့ မိဿရာသီကို အင်္ဂါပိုင်တယ်လို့ ဆိုလိုပါတယ်။


အပေါ်ပုံက ဥစ်အိမ်ပါ။ အပေါ်ဆုံးအိမ်မှာ ၁ ရေးထားလို့ မိဿရာသီမှာ ၁နွေဂြိုလ် ဥစ်မူတယ်လို့ဆိုလိုပါတယ်။


အပေါ်ပုံက နိစ်အိမ်ပါ။ အပေါ်ဆုံးအိမ်မှာ ၀ ရေးထားလို့ မိဿရာသီမှာ ၀နေဂြိုလ် နိစ်မူတယ်လို့ဆိုလိုပါတယ်။


အပေါ်ပုံက မိတ်အိမ်ပါ။ အပေါ်ဆုံးအိမ်မှာ ၁၂၅ ရေးထားတာက မိဿအိမ်ရှင် ၃င်္ဂါဟာ ၁နွေ၊ ၂လာ၊ ၅တေးတို့ကို မိတ်ပြုတယ်လို့ဆိုလိုပါတယ်။


အပေါ်ပုံက ရန်အိမ်ပါ။ အပေါ်ဆုံးအိမ်မှာ ၄ ရေးထားတာကေ မိဿအိမ်ရှင် ၃င်္ဂါဟာ ၄ဟူးကို ရန်မူတယ်လို့ဆိုလိုပါတယ်။


အပေါ်ပုံက ဥဒသိန်အိမ်ပါ။ အပေါ်ဆုံးအိမ်မှာ ၆၀ ရေးထားတာက မိဿအိမ်ရှင် ၃င်္ဂါဟာ ၆ကြာနဲ့ ၀နေကို မိတ်လည်းမပြုရန်လည်းမပြုပါလို့ ဆိုလိုပါတယ်။


အပေါ်ပုံက ဂြိုလ်မြင်ပုံပါ။ ၁နွေ ၂လာ ၄ဟူးနဲ့ ၆ကြာတို့ဟာ မျက်နှာချင်းဆိုင်(၇တန့်)ကိုသာမြင်ကြကြောင်းပြပြီး၊ ၉ ကိတ်ဂြိုလ်ကတော့ ၃ တန့်နဲ့ ၇ တန့်ကို မြင်တယ်ဆိုတာပြပါတယ်။


အပေါ်ပုံက ဂြိုလ်မြင်ပုံပါပဲ။ ၃ င်္ဂါဟာ ၄တန့်၊ ၇တန့် နဲ့ ၈ တန့် တို့ကို မြင်ကြောင်းပြထားပါတယ်။ ၀နေဂြိုလ်ဟာ ၃ တန့်၊ ၇တန့် နဲ့ ၁၀ တန့်ကိုလည်း မြင်ကြောင်းပြထားပါတယ်ခင်ဗျာ။


အပေါ်ပုံက ဂြိုလ်မြင်ပါပဲ။ ၈ဟုသည် ၂ တန့် ၅တန့် ၇တန့် ၉ တန့်တွေကိုမြင်ပြီး၊ ၅တေးကတော့ ၅တန့် ၇တန့် ၉တန့် တွေကိုမြင်ကြောင်းပြထားပါတယ်ခင်ဗျာ။






မှတ်ချက်။ ။သတိထားသင့်တာတွေကတော့ ဂြိုလ်တစ်လုံးက တစ်လုံးကို မိတ်မြင်သော်လည်း တစ်ဖက်က ပြန်လည်မိတ်မလိုတာရှိသလို ရန်မှာလည်း ထိုသို့ပါပဲ။ ၂လာသည် မည်သည့်ဂြိုလ်ကိုမှ ရန်မပြုသော်လည်း သူ့ကိုမူ ၄ဟူးက ရန်ပြုကြောင်း တွေ့နိုင်ပါတယ်။
ဂြိုလ်မြင်များ သဘာဝကို ဖေါ်ပြခဲ့သော်လည်း ၈ဟုနဲ့ ၉ကိတ်ကိုမူ ယခုမှ ဖေါ်ပြလိုက်ပါတယ်။
၈ဟုသည် လူမိုက်နဲ့ တူတာကြောင့် စုထားတဲ့ပစ္စည်းကို ဖြုံးတီးလို့ စုတဲ့သဘောဖြစ်တဲ့ ၂ တန့်၊ ပညာရှိကိုကြောက် ပညာနဲ့ကင်းချင်လို့ ပညာသဘာဝ ၅ တန့်ကိုလည်းမြင်ပါတယ်၊ မင်းအစိုးရကိုလည်းကြောက်ရလို့ ၉ တန့်ကိုလည်းမြင်ပါတယ်။
၉ကိတ်ကတော့ အခြေခံကြီးကြီးတည်ဆောက်လိုသူဖြစ်တာကြောင့် ၀ီရိယ ၃ တန့်ကိုမြင်ပါတယ်။
၈ဟုနဲ့ ၉ကိတ်ဟာလည်း ချစ်မုန်းသဘောရှိလို့ ၇ တန့်ကိုတော့ မြင်ကြ ကြည့်ကြတာချည်းဖြစ်ပါတယ်။

၈ဟုက ၆၀ ကို မိတ်ပြုပါတယ်။ ၁၂၃ ကိုရန် ရန်ပြုပါတယ်။
၉ကိတ်က ၁၂၃ ကို မိတ်ပြုပါတယ်။ ၆၀ ကို ရန်ပြုပါတယ်။
လက်တော့ အဟောတွေ ဝေဖန်ကြစဉ်မှာတော့ ရာဟုနဲ့ကိတ်ကို ပါပဂြိုလ်တစ်လုံးမျှထက် ပိုမိုယူဆကြခြင်းမရှိပါဘူးခင်ဗျ။

မြင်ယှဉ်မှုနဲ့ မိတ်ရန် အကျိုးပေးနဲ့ ပတ်သတ်လို့ ဒါလေးကို မှတ်ထားစေချင်ပါတယ်ခင်ဗျာ။
ဂြိုလ်တစ်လုံးက တခြားတစ်လုံးကို ရန်ပြုမြင်ယှဉ်ဆက်သွယ်ရင် အကျိုးပေး(မကောင်းကျိုး)ပြောင်မြောက်ပြီး၊
အမြင်ခံရသူက မြင်သူကို ရန်ပြုရင်တော့ အကျိုးပေးမှေးမှိန်ပါတယ်။

ဆက်လက်၍...

သားသားမီးမီးလိုချင်ရင်

အချို့မိသားစုတွေမှာ သားသမီးမထွန်းကားတာကြောင့် သားသမီးရအောင် တတ်နိုင်သလောက် အကြုံပေးပါဆိုတာနဲ့ ပတ်သတ်ပြီး ဒီပိုစ့်ကိုရေးပါတယ်။
သားသမီးများလို့ လျှော့နည်းကိုတော့ဖြင့် ဘယ်မိဘမှ မေးကြမယ် မထင်ပါဘူးဗျာ။ 
ဟောရသာရကျမ်း အခန်း(၄)မှ ထုတ်နှုတ်ဖေါ်ပြမှာဖြစ်ပါတယ်။

  • သန္ဓေတည်နိုင်သော အခြေအနေများ
၁)အမျိုးသမီးဇာတာရဲ့ အပါစယဘာဝတွေဖြစ်တဲ့ ၃ တန့်၊ ၆ တန့်၊ ၁၀ တန့်၊ ၁၁ တန့်မှတပါး  တစ်ခြား အတန့်တွေကို ကောဇာ ၂လာ စီးနင်းခိုက် ၃င်္ဂါမြင်ခြင်း(သို့)ပူးခြင်းရှိက ထိုအချိန်တွင် သန္ဓေစွဲနိုင်သောကာလဖြစ်သည်။

၂)၂လာ ၃တန့်၊ ၆တန့်၊ ၁၀တန့်၊ ၁၁တန့် စီးသည်ကို ၅တေးမြင်ခြင်း၊ လဂ်ကို ၅တေးမြင်ခြင်း၊ လဂ်နှင့် ၅တေးပူးခြင်းတို့ဖြစ်ပေါ်စဉ် သံဝါသပြုက ကိုယ်ဝန်ရနိုင်၏။



အောက်ပါရက်တွက်နည်းများတွင်မှ ဓမ္မတာလာပြီး ၅ ရက်မှ ၁၇ ရက်တွင်းလည်းဖြစ်မှ ရပါမယ်လို့လည်း မှတ်ချက်ပါရှိပါသေးတယ်ခင်ဗျ။

အထက်ပါ (၁)နဲ့ (၂) အဟောတွေမှာ ကောဇာသဘောပါတာကြောင့် ကောဇာကို ဘယ်လိုတွက်မယ်ဆိုတာပါ ထည့်သွင်းရေးသားပြလိုက်ပါတယ်ခင်ဗျာ။

  • ကောဇာ
ကောဇာဆိုတာက တွက်လိုချိန်မှာ သွားလာရပ်တည်နေတဲ့ ဂြိုလ်သွားမြေပုံ(ဇာတာ) သာဖြစ်ပါတယ်။ မူလ မွေးဖွားစဉ်အခါက အကျိုးပေးတွေကို ဟောပြောရာမှာ ကောဇာဇာတာနဲ့ ယှဉ်ပါက ပိုမိုတိကျလာပါတယ်လို့ မှတ်သားရဖူးပါတယ်။ ကောဇာသည် ဖွားဇာတာမဟုတ်တာကြောင့် အချိန်နဲ့ အမျှပြောင်းနေပြီး၊ ဇာတာရှင်နေထိုင်ရပ်တည်ရာ အရပ်ဒေသအရလည်း ကွဲပြားနေမှာဖြစ်ပါတယ်။ အကျိုးပေးတစ်ခုပေးမယ်ကြံတိုင်း အရပ်ဒေသဝေးဝေးပြောင်းလိုက်ပါက လိုက်လံအသွင်ပြောင်း အကျိုးပေးနေမယ်လို့ ယူဆစရာဖြစ်ပါတယ်။

အပေါ်က အဟော(၁) ကို နမူနာဇာတာတစ်စောင်နဲ့ တွက်ပြပါမယ်။ အောက်ပါနမူနာဇာတာရှင်က ကျွန်တော်စမ်းထုတ်လိုက်တာပါ။ အပြင်မှာ တကယ်မရှိပါဘူး။
ဒီဇာတာက လဂ်တည်ရာကို မှတ်သားထားလိုက်ပါ။ ကန် ရာသီဖြစ်ပါတယ်။

ဇာတာဖွဲ့ ပရိုဂရမ်ကနေ Other မှတစ်ဆင့် Ephemeris ကိုရွေးလိုက်ပါတယ်။ အောက်ပါအတိုင်းပြင်လိုက်ပါတယ်။
အပေါ်ကပုံအရ မြန်မာနိုင်ငံမှာ သက်ရောက်မယ့် ၂၀၁၀ မတ်လတွင်း သက်ရောက်မယ့် ဂြိုလ်သွားပြက္ခဒိန်ကို ရှာလိုက်ပါတယ်။
အထက်ပါ ပုံအတိုင်း ရလာပါမယ်။ ဇယားရဲ့ သဘောက ဘယ်ဘက်ဆုံးကော်လံက နေ့စွဲ၊ ဒုတိယကော်လံက အဲဒီနေ့အတွက် ဇာတာဖွဲ့ချိန်၊ နောက်တော့ ဂြိုလ်တွေ တည်နေရာ ဆက်တိုက်ကို ဖေါ်ပြထားပါတယ်။

နံပတ်(၁) အဟောအရ ၃င်္ဂါမြင်သော် ဆိုတာပါလို့ ကောဇာမှာ အင်္ဂါရပ်ရာကို ကြည့်ပါတယ်။ ၂၀၁၀ မတ်လအတွင်းမှာ ၃င်္ဂါဟာ ကရကဋ်ရာသီမှာ ရပ်ပါတယ်။ အောက်ကပုံမှာ ၃င်္ဂါဂြိုလ်မြင်ကို ဖေါ်ပြထားပါတယ်။ ထို့အပြင်လဂ်မှ ၃တန့်၊၆တန့်၊၁၀တန်၊၁၁တန့် မဖြစ်စေရလို့ ဆိုတာကြောင့် ကြတ်ခြေခတ်ရာသီတွေကို ပယ်လိုက်ပါတယ်။
ကောဇာ ၃င်္ဂါလည်းမြင်မယ်၊ လဂ်က အဆိုပါအတန့်တွေလည်း မဖြစ်ရဘူးဆိုတဲ့ အခါမှာတော့ ဘုံရာသီအဖြစ် အစိမ်းရောင်ပြထားတဲ့ မကာရနဲ့ တူရာသီတွေကို ၂ လာရပ်သင့်တဲ့ အဖြေအဖြစ်ရလာပါတယ်။
ဒါ့ကြောင့် ၂ လာသည် တူ(၆ရာသီ) နဲ့ မကာရ(၉ရာသီ) မှာဖြစ်စေတဲ့ ရက်တွေကြည့်တော့ (အ၀ါရောင်ပြထားတဲ့) မတ်လ ၄ရက်၊ ၅ရက်၊ ၁၁ရက်၊ ၁၂ရက်၊ ၁၃ရက်တွေကို ရလာပါတော့တယ်။ ထိုရက်များကို ကျန်းမာရေးအရညှိနိုင်းတည်းဖြတ်လိုက်ပါက အလိုရှိရာ ရက်ကို ရရှိပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။

နံပတ်(၂)အဟောအရ ၅တေးဂြိုလ်မြင်ပါရာကြောင့် ၅တေးတည်ရာကြည့်ပါတယ်။ မတ်လတစ်လလုံး ၅တေးက ကုမ်ရာသီမှာ ရှိမှာကြောင့် ကုမ်ကနေ ၅တေး ဂြိုလ်မြင်ရာသီတွေကိုကြည့်ပါတယ်။ နောက် ဇာတာရှင်လဂ်မှ ၃တန့်၊ ၆တန့်၊ ၁၀တန့်၊ ၁၁တန့် တွေကိုလည်းမှတ်သားလိုက်ပါတယ်။ ၅တေးလည်းမြင်မယ် အဆိုပါအတန့်တွေလည်း ဖြစ်ရမယ်ဆိုတဲ့ အခါမှာတော့ ဘုံအဖြစ် မေထုန်ရာသီကိုရပါတယ်။

မေထုန်မှာ ၂ ရပ်မယ့် ရက်တွေက မတ်လ ၂၃ ရက်နဲ့ ၂၄ ရက်တွေသာ ဖြစ်တာကြောင့် ထိုရက်များသည်လည်း ကြိုးစားသင့်သော ရက်များလို့ ဆိုလိုပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။
ပညာကို အသုံးချ၍ အသုံးကျနိုင်ကြပါစေခင်ဗျာ။

ဆက်လက်၍...

နက္ခတ်ဗေဒင်နှင့်ပတ်သတ်သော အနောက်တိုင်းအခေါ်အဝေါ်များ

ဇာတာဖွဲ့ မြန်မာ ပရိုဂရမ်များကို ကျွန်တော် စတင်မြင်တွေ့ဖူးသည်မှာ ၂၀၀၆ ၀န်းကျင်လောက်မှ ဖြစ်ပါတယ်။ ကျွန်တော် သံဒိဌဂြိုလ်သွားပြက္ခဒိန်တွေနဲ့ ဇာတာဖွဲ့စဉ်အခါကပင် ထိုကဲ့သို့ ဇာတာဖွဲ့ ပရိုဂရမ်များကို တောင့်တလျှက်ရှိခဲ့ပါတယ်။ ပရိုဂရမ်များ မပေါ်ပေါက်စဉ်အခါက ဇာတာတစ်ဆောင်ဖွဲ့ဖို့ ဘယ်လောက်ပင်ပမ်းတယ်ဆိုတာ ဖွဲ့ဖူးမှ သိကြမှာပါ။

မဖွဲ့ဖူးသူများ ဗဟုသုတအလို့ငှာ အနည်းငယ်တင်ပြလိုပါတယ်။ သံဒိဌဂြိုလ်သွား ပြက္ခဒိန်ကပြသထားတာက နေ့တစ်နေ့ရဲ့ ည ၁၂ နာရီအချိန်ရှိ ဂြိုလ်ရပ်တည်ရာ အရပ်ရာသီကိုသာပြနိုင်ကြပါတယ်။ တွက်လိုတဲ့အချိန်ရှိ ဂြိုလ်ရပ်ကိုပြဖို့ ပထမ ယနေ့ည သန်းခေါ်အချိန်ဂြိုလ်ရပ်ထဲမှ ယမန်နေ့ည ဂြိုလ်ရပ်တွေကို နှုတ်ရပါတယ်။ နှုတ်လဒ်ဟာ တစ်ရက်သွား ဂြိုလ်သွားနှုန်းဖြစ်ပါတယ်။

မနက်ခြောက်နာရီမွေးသူအတွက် ၆/၂၄ အချိုးလုပ်ပြီး ဂြိုလ်တစ်လုံးချင်းစီရဲ့ သွားမယ့် တစ်ရက်စာခရီးနဲ့ မြှောက်ရပါတယ်။ ဒါတင်မကပါဘူး။ လဂ်ကောက်ရာမှာလည်း ထိုဒေသရဲ့ လတ္တီကျုအရညှိရတာတွေ အာယနတွေညှိရတာတွေနဲ့ ကျွန်တော်ဆိုရင် 991w calculator တစ်လုံးနဲ့ တစ်ကုပ်ကုပ်ဖွဲ့ရပါတယ်။ ဘေးကကြည့်ရင်တော့ စာကြိုးစားလှချည်လားလို့ ထင်နေကြမှာပါ။

အဲလို တကုပ်ကုပ်တွက်နေရာကနေ လုပ်ဖေါ်ကိုင်ဘက် ဆရာတစ်ဦးဖြစ်သူ civil မေဂျာမှ ဦးဝမ်းမင်းထွန်းရဲ့ Astrology ဆိုတဲ့ software လေး လက်ဆောင်ရတဲ့ အခါမှာတော့ အရမ်းကို ၀မ်းသာမိပါတယ်။ အဆိုပါ software လေးဟာ အင်္ဂလိပ်ဘာသာနဲ့ ဇာတာဖွဲ့နိုင်ပါတယ်။ သို့သော် သံဒိဌပြက္ခဒိန်က ပေးတဲ့ ဇာတာနဲ့ အားလုံး အချိုးချ လိုက်ကွာနေတာကိုသာ သတိပြုနိုင်ပြီး သုံးမရဖြစ်ခဲ့ပါတယ်။ ထိုစဉ်က ထိုဇာတာဖွဲ့စနစ်သည် သာယန(အနောက်တိုင်းသုံး)စနစ် ဖြစ်မှန်းမသိခဲ့ပါ။ မသိဆို အဲဒီစနစ်ရှိပါသေးလားဆိုတာကိုပဲ မသိတာကိုးဗျ။

ထိုစဉ်က ဇာတာတွင်းမှ ဝေါဟာရများကို မသိခဲ့ပါ။ House ဆိုတာ အိမ်လောက်ပဲသိပြီး 60' 90' များကိုလည်း ကြိဂေါဏ ကိန်းရယ်လို့ ရိပ်ဖမ်းသံဖမ်းလောက်သာသိခဲ့ပါတယ်။ သို့သော်လည်း ထုတ်ပေးတဲ့ အဖြေများကိုတော့ အဘိဓာန်တစ်ထွေးကြီးနဲ့ ဘာသာပြန်ဖူးပါတယ်။ ရလာတဲ့ အဖြေလေးနဲ့ပဲ ကျေနပ်နေခဲ့ရပါတယ်။ အနောက်တိုင်း ဗေဒင်အဟောများဟာ အရှေ့တိုင်းကဲ့သို့ ပြတ်သားထောင့်စုံမှုမရှိဘဲ စိတ်နေသဘောထားများကိုသာ ဖွင့်ဆိုတယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။

ဆရာဦးမြကြီးရဲ့ စာအုပ်ကို ဖတ်လိုက်ရတဲ့ အခါမှာတော့ ဝေါဟာရ အကုန်နီးပါးလောက် သိသွားပါတော့တယ်။ အနောက်တိုင်းစနစ်ကို လေ့လာလိုသူ ညီငယ်ညီမငယ်များအတွက် အသုံးဝင်မယ်ထင်လို့ ဒီဝေါဟာရတွေကို ထုတ်နှုတ်တင်ပြလိုက်ရပါတယ်ခင်ဗျား။

အနောက်တိုင်းဗေဒင်စနစ်သာမက အင်္ဂလိပ်ဘာသာနဲ့ပြန်ဆိုထားတဲ့ အိန္ဒိယကျမ်းများကိုလည်း ဖတ်ရှုနိုင်ပါစေကြောင်း ဆန္ဒပြုပါသည်ခင်ဗျား။

နက္ခတ္တဗေဒပထ၀ီ (နက္ခတဖြင့်မှတ်သားသောကမ္ဘာ) Astronomical Geography
နက္ခတ္တဗေဒတက္ကပညာ (ဗေဒင်ဟောအတတ်) Astrology
နက္ခတ္တဗေလတက္ကပညာ (လျှို့ဝှက်ချက်ဖေါ်ထုတ်ခြင်း) Astro Revealing
ဝေဒါမယပညာ Prediction

နက္ခတ္တပါရဂူ (အတွက်တည်ထွင်သူ) Astronomician
နက္ခတ္တပညာ (အတွက်) Astronomy
နက္ခတ္တဗေဒပါရဂူ (အဟောတီထွင်သူ) Astrologician
နက္ခတ္တဗေဒပညာ (အဟော) Astrology
နက္ခတ္တဗေဒသုတေသီ Astrologist
ဗေဒင်ဆရာ (နက္ခတ်နည်းဖြင့်ဟောသူ) Astrologer
ဗေဒင်ဆရာ (နည်းမျိုးစုံဖြင့်ဟောနိုင်သူ) Forturn Teller
ဗေဒင်ဆရာ (နည်းများမလိုတော့သူ) Prophet

နေစကြာဝဌာ Solar system
သောရီ(စနေဂြိုလ်) Saturn
ဂုရု(ကြာသာပတေးဂြိုလ်) Jupiter
ဘောမ(အင်္ဂါဂြိုလ်) Mars
သူရဇ္ဖ(တနင်္ဂနွေဂြိုလ်) Sun
သောကြ(သောကြာဂြိုလ်) Venus
ဗုဓ(ဗုဒ္ဓဟူးဂြိုလ်) Mercury
စန္ဒရော(တနင်္လာဂြိုလ်) Moon
မုချဓါရဂြိုလ်(၁၂၃၄၅၆၀ ဂြိုလ်များ) Exactly Planet
သာမညဓါရဂြိုလ်(ရာဟုကိတ်လဂ်စသည့်ဂြိုလ်များ)Artificial Planet
သဘာဝကာရကဂြိုလ် Natural Characteristics
ဥဒယလဂ္ဂဏ(နေထွက်လဂ်) Ascendant
အတ္တလဂ္ဂဏ(နေ၀င်လဂ်) Descendant
မဓျလဂ္ဂဏ(မွန်းတည့်လဂ်) Medium Coeli
ပါတလဂ္ဂဏ(သန်းခေါင်လဂ်) Imum Coeli
ဒေသုဒယ(မိမိဒေသအလည်ချက်မျဉ်း) Zenith
လင်္ကုဒယ(အီကွေတာမွန်းတည့်မျဉ်း) Midheaven
စံတော်ချိန် Standard time
အာယန(ရာသီစက်ညှိအံသာ) Precession
ကာလပူရိသ Zadical Man
အရိဌယောဂ(၁၂နှစ်အတွင်း သေတတ်) Early death Yoga
အရိဌဘင်္ဂရောဂ Cancellation of the early death Yoga
ကမ္မကရဏဂြဟ(ကံကြမ္မာဂြိုလ်) Fortuna
ခေတ္တကာရက Temporary duty
ဘာဝတာဝန် Home rule duty
အံသာသံဝစ္ဆရ(မိမိဝန်ရိုးပေါ်လယ်ပတ်) Rotation days
သူရိယသံဝစ္ဆရ(ကမ္ဘာကနေကိုပတ်) Rounding days
ယောဂ Combination
သမ္ဗန္ဓ Conjunction
နိစ္စ(နိစ်)(အနိမ့်ဆုံး၊အားအနည်းဆုံး) Debilitation
ဥစ္စ(ဥစ်)(အမြင့်ဆုံး၊အားအကောင်းဆုံး) Exaltation
သန္ဒိမိခြင်း(ဘာဝစက်၏အပြင်ရောက်) Out of Bhavas
နိစ္စဘင်္ဂ Cancellation of Debilitation
ဥစ္စဘင်္ဂ Cancellation of Exaltation
အတ္တမိခြင်း Visibility of Sun
ဂေါစရ(ဂေါဇာ)(ဂြိုလ်သွားလာမှု) Transit
ပါပကတ္တရီ A planet between the Natural Malefics
သောမသေဋိ A planet between the Natural Benefics
ဗလ Strength
ဒသ၀ဂ္ဂအား The strength of Dasavarga
အဌ၀ဂ္ဂအား The strength of Ashtaka Varga
ဥစ္စဗလအား The strength of Exaltation

မိတ် Friend
ရန် Enemy
ဥဒသိန် Equal
ကာရက Benefics Planet
မာရက Malific Planet
ဥပေက္ခဂြဟ Neutral
ဌာနနေသဂ္ဂိကမိတ် Friend House
ကာလနေသဂ္ဂိကမိတ် Friend Planet
ပြန်လှန်မိတ် Mutual Friend
ကသစ်(အိမ်ပိုင်) Houseowner or Signowner
မူလတြိဂုဏ်း Proud Home (Mooltrikona)
ကေန္ဒြ(ကိန်း) Angle
တြိဂေါဏ Trine
ဝဂုတ္တမ The same sign and Navams
ပဉ္စတာရာ( ၃၄၅၆၀ ဂြိုလ်များ) Five Planets
ဗျဂ္ဂဇာ(နောက်ပြန်သွား) Retrograde
ပဒမူလ Square root
ဂြိုလ်သက် Period of Planet
အက္ခ Latitude
မဓ် Longitude

တေဇောအိမ် Fiery Sign
အာပေါအိမ် Watery Sign
ပထ၀ီအိမ် Earthy Sign
ဝါယောအိမ် Airy Sign
ပူရိသရာသီ Masculine Sign
က္ကတ္ထိယရာသီ Feminine Sign
ဒွါရလေးခွင်(မိဿ၊ကြဋ်၊တူ၊မကာရ) Cardinnal Sign
စရရာသီ Movable Sign
ထိရရာသီ Fixed Sign
ဒွေဒွိဟရာသီ Common Sign

သမ္မာဂြဟ(၁နွေနှင့် ၂လာ) Lumiaries
သောမဂြိုလ် ( ၆ ၅ ၂ ၄ ) Natural Benefics
ပါပဂြိုလ် (၃ ၀ ၈ ၉ ၂ ၄ ) Natural Malefics
သတွဂြိုလ် (၃ ၀ ၅ ) Superiors
စူဌဂြိုလ် (၄ ၆ ) Inferiors
ပုဏမီပက္ခ (လဆန်း) Waxing Moon
အမွှာသီပက္ခ (လဆုပ်) Waning Moon

နက္ခတ္တသံဝစ္ဆဘဂဏ (အံသာ ဒီဂရီအားဖြင့် 360') Solar Year
သူရိယသံဝစ္ဆဘဂဏ (ကြမ္မတ္တနှစ် ၃၆၅.၂၅ ခန့်) Sidereal Year
စန္ဒရာမာသဘဂဏ (တိထီနှစ် ၃၅၄ ရက်) Civil Year
ဂြဟဒဿ (ဂြိုလ်မြင်) Aspect
သဘာဝသိပ္ပံ Natural Science

ယောဂ (ဂြိုလ်ပူး) Conjunction
ပထမသမ္ဗန္ဓ (ရာသီပိုင်လဲ) Change of House
ဒုတိယသမ္ဗန္ဓ (ပြန်လှန်မြင်ခြင်း) Mutual Aspect
တတိယသမ္ဗန္ဓ (မိမိအိမ်တွင်းဂြိုလ်ကိုမြင်) Aspect to planet in own
စတုတ္တသမ္ဗန္ဓ (အိမ်ပိုင်ကိုပြန်မြင်ခြင်း) Aspect from his own
ပဉ္စမသမ္ဗန္ဓ (ပူးခြင်း) Conjunction
ဂြဟယုဒ္ဓ (စစ်ထိုးခြင်း) Planetery War
န၀င်္ဂသမ္ဗန္ဓ (န၀င်း၌ ဆက်သွယ်ခြင်း) Contact of Navams
န၀င်္ဂကုဏ္ဍာလပရိဝတ္တန (န၀င်းအိမ်ပိုင်လဲ) Change of Navams House
န၀င်္ဂဌာနပရိဝတ္တန (ရာသီနှင့်န၀င်းပြန်လှန်လဲ) Mutual Place of Navams
န၀င်္ဂယောဂ (န၀င်းပြိုင်စီး) Conjunction of Navams

ဆက်လက်ဖေါ်ပြပေးပါဦးမည်။

ဆက်လက်၍...

အတိတ်ကိုပြန်ပြောင်းသတိရခြင်း (သို့) မဆန်းကြယ်သောအသစ်အဆန်းများ

ဒီနေ့တင်ပဲ ကိုညီမြတ်က cbox မှာရော Gmail မှာပါ မေးလာတာကြောင့် ဒီအကြောင်းကို ပိုစ့်တင်လိုက်ပါတယ်ခင်ဗျာ။
လူတော်တော်များများဟာ အဖြစ်အပျက် အသစ်တစ်ခုကြုံတိုင်း တစ်ချိန်ချိန်ကဖြစ်ဖူးသလို ကြုံဖူးသလို၊ သိပ်မထူးဆန်းတော့သလို ခံစားရတတ်ပါတယ်။ သူနဲ့ပတ်သတ်လို့ ကိုညီသစ်ပေးတဲ့ ဒီလင့်မှာ တော့ စိတ်ပညာရှုထောင့်က ရှင်းထားတာကို ဖတ်နိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်ကတော့ နက္ခတ်ဗေဒင် လက္ခာပိုင်းနဲ့ယှဉ်လို့ သိမှတ်သလောက်ရေးပြမှာဖြစ်ပါတယ်။
အဖြစ်အပျက်တစ်ခုမြင်လိုက်ရပြီး တစ်ချိန်က ဖြစ်ပျက်သလိုကြုံရတာဟာ မြင်လိုက်တဲ့မြင်ကွင်းပေါ်မှာ မူတည်ပေါ်လာတဲ့ မြင်စိတ်နောက်မှာ ဓမ္မာရုံဟောင်းတစ်ခုနဲ့ နှလုံးသည်းပွတ်တို့တိုက်လို့ ဖြစ်လာတဲ့ စိတ်ကိုပဲ ရှေးမှတ်ဉာဏ်ဟောင်းသဖွယ် ခံစားလို့ ပေါ်လာဟန်တူပါတယ်။

ဖြစ်နိုင်ခြေများတယ်လို့ မပြောနိုင်ပေမယ့် ကျွန်တော့်အတွေ့အကြုံအရ လူဝင်စားတွေလို့ ပြောပြသူတွေမှာ အဲလို အဖြစ်မျိုးခံစားရတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ငယ်စဉ်အခါက ရွာနောက်ပိုင်းက ဘုန်းကြီးဂူကြီးကိုမြင်ရင် စိတ်တွေလေးလံလာပြီး ဒီမြင်ကွင်းကို မြင်ဖူးပါတယ်ဆိုတာမျိုးခံစားရပါတယ်။ နေ၀င်ချိန်မှာ တောထဲကို သွားလည်ချင်စိတ်တွေပေါက်ပြီး အဲဒီဂူနားရောက်သွားတတ်ပါတယ်။ ဂူကြီးက လူ့တစ်ရပ်ခန့်ရှိတဲ့ ဘုန်းကြီးဂူကြီးဖြစ်ပါတယ်။ ဂူကြီးကို ကြည့်ပြီးငိုချင် လွမ်းချင်စိတ်တွေပေါက်လာပါတယ်။


ငယ်စဉ်ကလေးဘ၀မှာ အိပ်ယာဝင်ခါနီးတိုင်း မိမိကိုယ်ကို သေတော့မယ့်လူတစ်ယောက်လို ကုတင်လေးတစ်ခုပေါ်မှာ မလှုပ်မယှက်လေးရှိနေတာကို သတိရတတ်ပါတယ်။ ထို့အတူ မလှုပ်မိပဲလည်း ဒီတိုင်းငြိမ်လျှက်တွေးနေမိတာတွေဖြစ်တတ်ပါတယ်။ ထိုအတွေးများနဲ့အတူ အသက် ၂၀ အရွယ်ရောက်စဉ်တုန်းက ညအိပ်ခါနီးမှာ လက်ဖမိုးတွေ အသားတွေ ပွက်ထတယ်လို့မြင်မိတာမျိုးဖြစ်ခဲ့ပါသေးတယ်။ စိတ်ဝင်စားယုံမှလွဲ၍ ထူးခြားဆန်းကြယ်မတွေးမိပါ။ ကျွန်တော့်ဖခင်ရဲ့ ညွှန်းကြားမှုအရ ရှေးအတိတ်ကို စိတ်ဇောမ၀င်ဖြစ်ဖို့ ကြိုးစားခဲ့ရဖူးပါတယ်။


ဒါတွေဟာ မဝေးသော အတိတ်တစ်ခုဆီမှ အဖြစ်ပျက် တစ်ပိုင်းတစ်စများကို မှတ်မိနေဟန်ရှိတယ်လို့ ယူဆပါတယ်။

  • နက္ခတ်ဗေဒင်အရ
နက္ခတ်ဗေဒင်ပညာအရ သေခြင်းတရား ၈ တန့်အိမ်ရှင်နဲ့ လဂ်သခင်ဆက်သွယ်သူတွေဟာ သေခြင်းတရားကို တွေးမိနေသူ သေခြင်းတရားကို မကြောက်လွန်းသူနဲ့ အကြောက်လွန်းသူတွေ ဖြစ်ကြတယ်လို့ မှတ်သားဖူးပါတယ်။
တဖန် ပျက်စီးလေလွင့်ခြင်းနဲ့သဘာဝနယ်လွန်ဆိုင်ရာ ၁၂ တန့်အိမ်ရှင်နဲ့ လဂ်သခင်တို့ ဆက်သွယ်သူတွေဟာ ပရလောကနဲ့ ဆက်စပ်သူ၊ အတွေးဆန်းတွေပေါ်သူရယ်လို့မှတ်သားဖူးပါတယ်။
တဖန် ၈ဟုနှင့် ၉ကိတ်ဂြိုလ်တို့ဟာ ၁၂ တန့်နဲ့ဆက်သွယ်ရင် (သို့) ၁၂ တန့်မှာတည်ခြင်းတို့ဟာလည်း သိပ္ပံနယ်လွန်၊ သဘာဝနယ်လွန် အတွေးများကို ဖြစ်စေတယ်လို့ မှတ်သားဖူးပါတယ်။
ဆရာဝေသာလီမောင်ဖုန်းဆီမှ မှတ်သာချက်အရ ၂လာဂြိုလ်နှင့် ၀နေဂြိုလ်တို့ဆက်သွယ်ပါကလည်း ပါရလောကကို မြင်စွမ်းသည်ဟု မှတ်သားဖူးကြောင်းပါ ထပ်တိုးတင်ပြလိုက်ပါတယ်။


  • လက္ခဏာပညာအရ
လက္ခဏာအတွင်းမှာ ကမ္ဘီရကြက်ခြေပါသူတွေမှာ ထိုသို့ ရှေးအဖြစ်အပျက်များကို မှတ်မိစေတယ်လို့ဆိုပါတယ်။ ကမ္ဘီရကြက်ခြေဟာ ကျွန်တော်မှတ်သားမိသလောက် အိမ်ထောင်ရေးလမ်းကြောင်းနဲ့ ဦးခေါင်းလမ်းကြောင်းကြားမှာရှိပြီး၊ လက်မဖက်ကိုဖြစ်စေ၊ အလယ်မှာဖြစ်စေ၊ လက်ဖမိုးနားကပ်လျှက်ဖြစ်စေ ပုံစံမျိုးစုံတည်နိုင်ပါတယ်။ သို့သော် အောင်မြင်ရေးလမ်းကြောင်းနှင့် ဉာဏ်လမ်းကြောင်းမှ အိမ်ထောင်ရေးလမ်းကြောင်းဆီ ထိုးတက်သော လမ်းကြောင်းများဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းမဖြစ်စေရလို့လည်း မှတ်သားဖူးပါတယ်။ ကမ္ဘီရကြက်ခြေဟာ လမ်းကြောင်းများ ပေါင်းခြင်းမဟုတ်ဘဲ သီးသန့်တည်ရမှာဖြစ်ပြီး၊ ထူးခြားအမှတ်အသားများ၏ ထုံးစံအရ တစ်လက္မအ၀န်းအ၀ိုင်းကို မကျော်စေရ စသည်ဖြင့် ပြီးပြည့်စုံရမယ်လို့ မှတ်သားရဖူးပါတယ်။

အထူးသဖြင့် အသက်လမ်းကြောင်းဟာ လက်ဖမိုးဆီကို ဆင်းရာမှာ အမြစ်များ ခွဲခွာမွှာဆင်းသူတွေဟာလည်း လူ့လောကနှင့် မဝေးလှသော ရှေးဘ၀များမှ ဖြစ်စဉ်များနှင့်ဆက်နွယ်ခြင်းစသော ထူးခြားမှုများ ဖြစ်စေတတ်လို့ မှတ်သားဖူးပါတယ်ခင်ဗျာ။

လေ့လာစရာအဖြစ် ထိုသို့ အတွေးများပေါ်ပေါက်နေ့သည့် ဇာတာ ၂ စောင်ကို နက္ခတ်ဗေဒင်ဝါသနာပါသူများလေ့လာနိုင်အောင် တင်ပြလိုက်ပါတယ်။

နမူနာဇာတာ(၁)
အထက်ပါဇာတာရှင်ဟာ သူ့ဖခင်၏ သူငယ်ချင်းကို ၀င်စားသည်ဟု ယူဆဖွယ်ရှိပြီး၊ ထိုသူ့ဖခင်သူငယ်ချင်းသေဆုံးစဉ်က ဒဏ်ရာပုံအတိုင်း ဇာတာရှင်ဗိုက်တွင် ကြည်ဖေါက်ရာနဲ့ ထွက်ရာတို့ပါ မွေးရာပါအဖြစ်ပါလာပါတယ်။
၁၂ တန့်ရပ် ၉ ကိတ်ဂြိုလ်က အတွေးဆန်းများကိုဖြစ်စေပါတယ်။
၁၂ တန့်သခင် ၁ တန့်ရပ်ခြင်းက ရှေးအတိတ်ကာလ အကျိုးများနှင့်များစွာဆက်စပ်စေပါတယ်။
ဝမ်းဗိုက်နှင့်ဆင်တူသော ၅ တန့်မှာ အတိုက်အခိုက်သဘာဝ ၃ င်္ဂါနဲ့ပူးပြီး အကြိတ်အခဲဖြစ်စေတဲ့ ၀ နေ အိမ်မှာရပ်တာကလည်း သတိမူစရာဖြစ်ပါတယ်။ ၈တန့်အိမ်ရှင် လဂ်မှာပူးတာကလည်း အထက်ပါအချက်အလက်တွေကို ခိုင်မာစေပါတယ်။ လက္ခဏာမှာ လက်ဖမိုးဖက်အသက်လမ်းကြောင်းအဆုံးဟာ ပြတ်တောင်းနေပြီး၊ အရံလမ်းကြောင်းတစ်ခုက ထူထဲစွာ အမြစ်တွယ်လျှက်ရှိပါတယ်။

နမူနာဇာတာ(၂)

အပေါ်ကဇာတာနည်းတူ ၁၂ တန့်ရပ် ၉ကိတ်၊ လဂ်နှင့်ပူးသော ၄ တန့် ၇ တန့် ၈ တန့် ၉ တန့် ၁၀ တန့် အိမ်ရှင်များ၊ ၂ လာ အပါအ၀င် ထိုအိမ်ရှင်များကို ၀ နေမြင်ခြင်း စသည်တို့က အဆိုပါ အတွေးဆန်းများ ပေါ်ပေါက်စေမယ်လို့ လေ့လာသုံးသပ်နိုင်မည် ထင်ပါကြောင်း တင်ပြအပ်ပါသည်ခင်ဗျာ။ ဇာတာရှင်ရဲ့ လက္ခဏာမှာ အသက်လမ်းကြောင်းဟာ အမြစ်များမွှာဆင်းပြီး သောကြာဂြိုလ်ခုံကို ကွေ့ဝိုက်ရစ်ခွေ ပတ်ရံလျှက်ရှိပါတယ်။

အမှားပါက ခွင့်လွှတ်နိုင်ပါစေကြောင်း ...
ကိုပခန်း

ဆက်လက်၍...

ဘလော့ဂါများအတွက် ခေါင်းစဉ်ခွဲပုံစံ

ကျွန်တော့်ဘလော့က ခေါင်းစဉ်ခွဲလေးတွေကျလာပုံကို သဘောကျလို့ မေးမြန်းသူ ၄ ယောက်လောက်ရှိပါတယ်။ လောလောဆယ် ညီလေးကိုငယ်လည်း တောင်းတာကြောင့် တတ်သလောက် မှတ်သလောက် တင်ပြလိုက်ပါတယ်ခင်ဗျာ။ တင်ကြိုပြောပြထားလိုတာက ကျွန်တော်က html အကြောင်း ကောင်းစွာ မလေ့လာပါဖူးပါ။ template ၃ခု ၄ခု လောက်ထဲက စိတ်ထင်တာတွေ ဖြတ်ထည့်ရင်း၊ သူများကိုလည်း မေးမြန်းရင်း ပြင်ပြီးရင်းပြင်ရင်း လုပ်နေခဲ့တာ အရောင်မျိုးစုံပြောင်းကာ လူမြင်ကတ်စရာဖြစ်ခဲ့ကြိမ်ပေါင်း မနည်းပါဘူး။ ဒီပုံစံလေးကတော့ စာဖတ်သူများ စာရှာရလွယ်မယ့် menu ပုံစံလေးဖြစ်မယ်လို့တော့

ယုံကြည်လျှက်ပါ။ ဒီပုံစံလေးကိုပြောတာပါခင်ဗျ။




html code မှာထည့်ရမယ့် နေရာနဲ့ပုံစံ နှစ်မျိုးရှိပါတယ်။

  • ၁)ပုံစံချရန်
html code မှာ အောက်ပါအတိုင်း ထည့်ရန်နေရာရှာပါခင်ဗျ။
#header-wrapper {
width:985px;
height: 210px;
margin:0 0 0px;
ချုံ့လိုက်ပါတယ်
color: #ffffff;
text-align: right;
}
#header img {
margin-left: auto;
margin-right: auto;
}
ဤနေရာတွင်ထည့်ရန်
/* Outer-Wrapper
----------------------------------------------- */
#outer-wrapper {
width: 980px;
margin:0 auto;
padding:0px;
text-align:left;
font: normal normal 100% Zawgyi-one,Georgia, Serif;

ထည့်ရမယ့်နေရာကို ရှာပြီးပြီဆိုရင် အောက်ပါအစိမ်းရောင် ကုဒ်များအားရွေးထည့်ပါခင်ဗျာ။

/*top menu*/
#foxmenucontainer{
height:30px;
background:#000000 url(http://img52.imageshack.us/img52/7321/titv.png) no-repeat;
display:block;
padding:0px 0 0px 0px;border-top:1px solid #162400;border-bottom:1px solid #162400;
font: 13px "Century gothic",verdana, Arial, Zawgyi-One,sans-serif;
font-weight:normal;
}

ဒီအပေါ်ကအပိုဒ်မှာ 30px အရ အနိမ့်အမြင့်ညှိပြီး၊ background ကို အရောင်ချည်းသက်သက် လုပ်လိုပါက backgroung: #000000; ဆိုပြီး အနက်ရောင်ခင်းလိုက်နိုင်ပါတယ်။ အရောင်ကုဒ်များအတွက် အနက် 000000၊ အဖြူ ffffff နဲ့ အခြားအရောင်များကို cbox.ws က edit style မှာ စိတ်ကြိုက် ရှာနိုင်ပါတယ်ခင်ဗျ။
http://img52.imageshack.us/img52/7321/titv.png
လင့်နေရာမှာတော့ စိတ်ကြိုက် ပုံတင်နိုင်ပါတယ်။ ကျွန်တော်ကတော့ window theme တွေကို print Screen ရိုက်ပြီး paint မှာ pixel ချိန်ပြီး http://imageshack.us မှာ တင်ပြီး လင့်ယူပါတယ်ခင်ဗျ။ border အတွက်လည်း border-bottom:1px solid #162400; ဆိုရာမှာ ထက်အောက်ဘယ်ညာအတွက် border-top: border-left: border-right: စသည်ဖြင့်ပြင်နိုင်ပြီး တစ်ပတ်လုံးအတွက် border: အထူအကျဲ px တန်ဖိုးပြင်ပြီး solid သို့မဟုတ် dotted ပြောင်းနိုင်ပြီး # နောက်က အရောင်ပါ စိတ်ကြိုက်ပြောင်းနိုင်ပါတယ်ခင်ဗျာ။

#menu ,#menu ul { margin: 0px 5px; padding: 0px; list-style: none; height:39px; } #menu a { color: #38B63C; display: block; font-weight: bold; padding: 4px 10px 6px 10px; }

ဒီအပေါ်က color: #38B63C; ကတော့ လက်ရှိမြင်နေရတဲ့ ခေါင်းစဉ်စိမ်းတွေ ဖြစ်ပါတယ်ခင်ဗျ။ bold မလုပ်ချင်က normal ပေးထားနိုင်ပါတယ်ခင်ဗျ။ padding: 4px 10px 6px 10px; အရ စာလုံးလေးတွေကို ကျွန်တော်တို့ လုပ်ထားတဲ့ ဧရိယာအရ ထက်အောက် ဘယ်ညာ ဘယ်လောက်ခွာဦးမယ်ဆိုတာကိုလည်း ညှိယူလို့ရပါတယ်ခင်ဗျ။


#menu a:hover { background:#000000 url(http://img19.imageshack.us/img19/8690/2222ec.png) repeat-x; color: #ffffff; display: block; text-decoration: none; }

hower ဆိုတဲ့အပေါ်ပိုဒ်ကတော့ ကလစ်ချစဉ်မှာ မြင်ရတာကို ပြင်တာဖြစ်ပါတယ်။ ကလစ်ချစဉ်မှာ အသည်းပုံလေးတွေ အတန်းလိုက်ပေါ်ချင်ရင် အသည်းပုံသေးလေး တင်ပြီး repeat-x ပေါ့ဗျာ။ ဒီမှာတော့ အပေါ်အောက်အဖြူလေး ကျွန်တော်လုပ်ပြီး အတန်းလိုက်ထားပါတယ်။ http://img19.imageshack.us/img19/8690/2222ec.pngကျွန်တော်ကတော့ Cursor ချစဉ်မှာ စာလုံးကို အဖြူရောင် ပေါ်ခိုင်းထားလို့ color: #ffffff; ဖြစ်နေတာပါခင်ဗျ။

#menu li {
float: left; margin: 0px 0 0px 0; padding: 0px; }
#menu li li { float: left; margin: px 0px 0px 5px; padding: 0px; width: 130px; }
#menu li li a, #menu li li a:link, #menu li li a:visited { background:url(http://img62.imageshack.us/img62/6821/subtit.png) ; width: 227px; float: none; margin: 0px; padding: 4px 10px 5px 10px; color:#38B63C; }

ဒီအပေါ်က ပုံဖြစ်တဲ့ http://img62.imageshack.us/img62/6821/subtit.png
ကို ဖွင့်ကြည့်ပြီး သူ့နေရာမှာ အခြားပုံများနဲ့ အစားသွင်းပြီး အောက်ကို ဆင်းကျလာမယ့် စာတန်းနောက်ခံကို ပြင်နိုင်ပါတယ်ခင်ဗျ။ စာတန်းအရောင်ရော အကျယ် width ကိုပါ ပြင်နိုင်ပါပြီခင်ဗျ။

#menu li li a:hover, #menu li li a:active { background: #000000 url(http://img189.imageshack.us/img189/774/subtit2.png); width: 227px; float: none; margin: 0px; padding: 4px 10px 5px 10px; color:#ffffff; }

အပေါ်ပိုဒ်မှာကတော့ အသစ်ပေါ်လာတဲ့ ပိုစ့်လေးတွေပေါ်ကို Cursor ချစဉ်မှာ မြင်ရမယ့် စာလုံးအရောင်နဲ့ နောက်ခံ အရောင်(ပုံ) တို့ကို ပြင်နိုင်ဖို့ ဖြစ်ပါတယ်ခင်ဗျာ။
http://img189.imageshack.us/img189/774/subtit2.png

#menu li ul { position: absolute; width: 10em; left: -999em; z-index:1; } #menu li:hover ul { left: auto; display: block; } #menu li:hover ul, #menu li.sfhover ul { left: auto; }

ဤတွင် ကျွန်တော်တို့ရဲ့ ခေါင်းစဉ်ပုံစံချလို့ ပြီးပါပြီခင်ဗျ။
  • ၂) ခေါင်းစဉ်စီရန်
html code မှာ အောက်ပါအတိုင်း ထည့်ရန်နေရာရှာပါခင်ဗျ။

<div id='header-wrapper'>
<b:section class='header' id='header' maxwidgets='4' showaddelement='yes'>
<b:widget id='Header1' locked='true' title='နက္ခတ်ဗေဒင်မှတ်စုများ (Header)' type='Header'/>
</b:section>
<ul id='menu'>
</ul>
</div>

ဤနေရာတွင်ထည့်ရန်

<div id='content-wrapper'>

<div id='crosscol-wrapper' style='text-align:center'>
<b:section class='crosscol' id='crosscol' showaddelement='no'/>
</div>

<div id='main-wrapper'>

ထည့်ရမယ့် ပုံစံကတော့ အောက်ကပြထားတဲ့ အနီရောင်တွေဖြစ်ပါတယ်ခင်ဗျာ။

<!-- Foxmenucontainer -->
<div id='foxmenucontainer'>
<div id='menu'>
<ul>

<li><a href='#' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ခေါင်းစဉ်(၁)</a>
<ul class='children'>
<li><a href='ပိုစ့်(၁)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၁)ခေါင်းစဉ်</a></li>
<li><a href='ပိုစ့်(၂)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၂)ခေါင်းစဉ်</a></li>
<li><a href='ပိုစ့်(၃)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၃)ခေါင်းစဉ်</a></li></ul></li>

<li><a href='#' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ခေါင်းစဉ်(၂)</a>
<ul class='children'>
<li><a href='ပိုစ့်(၄)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၄)ခေါင်းစဉ်</a></li>
<li><a href='ပိုစ့်(၅)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၅)ခေါင်းစဉ်</a></li>
<li><a href='ပိုစ့်(၆)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၆)ခေါင်းစဉ်</a></li></ul></li>

</ul>
</div>
</div>
<!-- /Foxmenucontainer -->

ဤနေရာမှာ ခေါင်းစဉ် အသစ်တိုးလိုပါက

<li><a href='#' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ခေါင်းစဉ်(၃)</a>
<ul class='children'>
<li><a href='ပိုစ့်(၇)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၇)ခေါင်းစဉ်</a></li>
<li><a href='ပိုစ့်(၈)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၈)ခေါင်းစဉ်</a></li>
<li><a href='ပိုစ့်(၉)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၉)ခေါင်းစဉ်</a></li>
<li><a href='ပိုစ့်(၁၀)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၁၀)ခေါင်းစဉ်</a></li>
<li><a href='ပိုစ့်(၁၁)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၁၁)ခေါင်းစဉ်</a></li>
<li><a href='ပိုစ့်(၁၂)၏လင့်' title='Cursorတင်စဉ် ပေါ်လာမည့်စာသား'>ပိုစ့်(၁၂)ခေါင်းစဉ်</a></li></ul></li>

စသည်ဖြင့်တိုးနိုင်ပါတယ်။ ပို့စ်(၁၀)(၁၁) နဲ့ (၁၂)တိုးပုံကို သတိပြု၍ ထပ်မံတိုးချဲ့လိုက်နိုင်ကြောင်းပါခင်ဗျာ။
ပုံစံနမူနာကတော့
<li><a href='http://kopakhan.myanmarbloggers.info/2010/02/surya-siddhanta.html' title='ဇာတာဆိုတာကောင်းကင်မြေပုံတစ်ခုမျှသာဖြစ်ပါကြောင်း။'>သူရိယသန္ဒိတ္ထကျမ်း</a></li>
ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်နမူနာထည့်ပုံကို Contro+u နှိပ်၍ လေ့လာနိုင်ကြောင်းပါခင်ဗျ။

ဆက်လက်၍...

ပခန်းမြေသို့ အလည်တစ်ခေါက် (သို့) ဇာတာဖွဲ့ဖို့ အရပ်ဒေသ ဒီဂရီတွေလိုရင်

ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင်း မွေးဖွားသူတွေရဲ့ မွေးရာဒေသရဲ့ လတ္တီကျုလောင်ဂျီကျုကို mandalayalpha နဲ့ ဇာတာပရိုဂရမ် မှာ အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။ အချို့သော ဇာတာရှင်တွေဟာ ဇာတာဖွဲ့ဖို့အတွက် မိမိမွေးဒေသရဲ့ လတ္တီကျုလောင်ဂျီကျုထည့်ရာမှာ အင်မတန် အခက်အခဲတွေ့တတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံက ကျေးလက်ဒေသများနဲ့ တိုင်းတစ်ပါးကဒေသတွေမှာ မွေးသူတွေဖြစ်ပါတယ်။

ပရိုဂရမ်မှာလည်း မြန်မာအတွက် ဒေသတွေကို အရန်သင့်ထည့်ရာမှာ မြို့တွေနဲ့ ရွာကြီးတွေအတွက်ပဲ ပါပါတယ်။ ကျန်ဒေသများအတွက်ကတော့ အခက်အခဲရှိပါတယ်။ ယခုအခါမှာ စင်္ကာပူမှာ မွေးဖွားသူ မြန်မာကလေးငယ်များရှိလာတာကြောင့် ထိုကလေးငယ်များအတွက် ဇာတာဖွဲ့ဖို့ အခက်ကြုံလျှက်ရှိပါတယ်။ ကျွန်တော်ကူညီလိုက်ပါတယ်ခင်ဗျ။


၁) မြန်မာနိုင်ငံတွင်း လတ္တီကျု လောင်ဂျီကျု မသိသူများအတွက် အလွယ်တူကမ္ဘာလှည့်ရှာပြီး ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စံတော်ချိန်ညှိနာရီကတော့ +6:30 လို့ ပရိုဂရမ်က အရံသင့်ထည့်ပြီးသာပါခင်ဗျ။
၂) မြန်မာမဟုတ်တဲ့ နိုင်ငံများအတွက် လတ္တီကျုလောင်ဂျီကျုရှာရာမှာ မြို့နာမည်ရိုက်ရှာလို့ လွယ်ပေမယ့် အဖြေဟာသိပ်တိကျလာတယ်တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြို့တည်နေရာကို ညွှန်ပြတဲ့ ပွိုင့်နဲ့ ဆေးရုံဟာ မိုင် အနည်းငယ်လောက် ကွာနေရင် အဖြေဟာ အတော်လေးပြောင်းသွားနိုင်ပါတယ်။ ဒါ့ကြောင့် အတတ်နိုင်ဆုံး မြေပုံပေါ်မှာ ခန့်မှန်းနိုင်မယ်ဆိုရင် အကျိုးများမယ်လို့ ထင်ပါတယ်။ တဖန် ဒေသ စံတော်ချိန်အတွက် မြန်မာနဲ့ ကွာချိန်ကို တွက်ပြီး ပေါင်းနှုတ်လုပ်ပေးဖို့လိုပါတယ်။

ဥပမာစင်္ကာပူဟာ မြန်မာနဲ့ ၁ နာရီခွဲကွာပါတယ်။ ကမ္ဘာ့အရှေ့ခြမ်းကို တိုးသွားတာကြောင့် ထပ်ပေါင်းပါမယ်။ ဒါ့ကြောင့် စင်္ကာပူမွေးသူတွေဟာ +8:00 နဲ့တွက်ရပါမယ်ခင်ဗျ။
+ - ရဲ့ သဘောကတော့ ဂရင်းနစ်မှသည် အရှေ့ဆီကို + နဲ့ ၁၂ နာရီတိုင်အောင် ရေတွက်လာပြီး၊ အနောက်ကိုတော့ - နဲ့ ၁၂ နာရီတိုင်အောင် ရေတွက်လာပါတယ်။ ၂၄ နာရီ ကမ္ဘာတစ်ပတ်ပေါ့ခင်ဗျ။

ကမ္ဘာကြီးကို ပတ်ကြည့်နိုင်ဖို့ ဒီမှာ ဒေါင်းပါခင်ဗျ။

http://earth.google.com/intl/en/download-earth.html

ဒေါင်းလိုက်တဲ့အခါ googleupdatesetup ဆိုတာလေးကျလာပြီး သူ့ကို run လိုက်ယုံပါပဲခင်ဗျ။

  • ပခန်းမြေဆီ အလည်တစ်ခေါက်
စာပေအရတော့ ပခန်းကို ပုခန်းကြီးမြို့ဟောင်းလို့ သုံးပါတယ်။ ပုဂံကိုသုံးသလိုပေါ့ခင်ဗျ။ ကျွန်တော်ကတော့ စကားအရ ပခန်းဟုသာ သုံးနှုံးပါကြောင်း တင်ကြိုပြောပြပါရစေခင်ဗျာ။
အောက်ပါအတိုင်းပဲ မြန်မာနိုင်ငံဆီကိုလာပြီး ကလစ်ခေါက်ကာ ဒေသမှန်းလိုက်ပါခင်ဗျ။
မြန်မာနိုင်ငံပေါ်ဆီကို အောက်ကပုံအတိုင်း ရွှေ့လာပါတယ်ခင်ဗျ။
အောက်ကပုံအတိုင်း ဧရာဝတီ ချင်းတွင်းမြစ်ဆုံကို ရွှေ့လာလိုက်ပါတယ်ခင်ဗျ။

အောက်ကပုံကတော့ ပခန်းရှေးဟောင်းမြို့တော်ရဲ့ ကျက်သရေဆောင် စည်သူရှင်စေတီတော်ကို ကောင်းကင်က ဖူးမြင်ရပုံဖြစ်ပါတယ်။ ၁၁ ရာစုခန့်က အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။ အမွှေးတိုင်ပူဇော်ခွင့် မပေးထားပေမယ့် သရက္ခာန်အစစ်လက်လေးသစ်ဆိုသလို ဂန္ဓကုဋီတစ်တိုက်လုံး ဖူးမြှော်မ၀တဲ့ မွေးနံ့နဲ့ လွှမ်းခြုံစေတဲ့ သရက္ခာန်ရုပ်ပွားတော်မြတ်ကိန်းဝပ်စံပါယ်ရာ စေတီတော်ဖြစ်ပါတယ်။ နှစ်စဉ် အတာသင်္ကြန်တွင်းမှာ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပါတယ်။
ဒီအောက်က ဒေသကတော့ စကားတတ်ပါတယ်ဆိုတဲ့ ပခန်းသားနဲ့ ချည်ပါသား ၀တ္တုတွေထဲက ပခန်းသားများ မွေးထုတ်ပေးရာ ပခန်းကြီး ပခန်းငယ် ထဲက ပခန်းကြီးရဲ့ ပုံပဲဖြစ်ပါတယ်။ နတ်လောကက အရက်သောက်ရင်း နာမည်ကျော် ရွှေခန်းမြို့က ကတဲ့ ပခန်းကိုကြီးကျော်ရဲ့ အသည်းစွဲ ထန်းတောများ တည်ရာဒေသဆိုလည်းမမှားပါဘူး။

ပခန်းကျောင်းကန် ပုဂံဘုရားရယ်လို့ ဆိုရိုးတစ်ခုရှိပါတယ်။ ပခန်းကြီးမှာ ရှေးယခင်က ဘုန်းကြီးကျောင်း ၂၅ ကျောင်းခန့် ရေတွက်လို့ ရခဲ့ပါတယ်။ ယခုအခါမှာတောင် ၅ ကျောင်း ရှိနေပါသေးတယ်။ ပခန်းကိုရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာက ပခန်းကျောင်းတော်ကြီးဆီဖြစ်ပါတယ်။ မန္တလေးက ရွှေကျောင်းလို ပန်းနွယ်ပန်းခက် မပြီသတော့သော်လည်း ကြီးမားလှတဲ့ တိုင်လုံးကြီးတွေက အင်းဝခေတ်ဆီကို ညွှန်ပြနေသလိုပါပဲ။ ၀ါတွင်းကာလတွေမှာ ဥပုသ်သည်တွေအတွက် အရိပ်မိုးပေးရာ ကျောင်းတော်ကြီးဖြစ်သလို ကျွန်တော်တို့ငယ်စဉ်က ပြေးလွှားဆော့ကစားခဲ့ရာ ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်။

ဒီပုံထဲက အ၀ါရောင် အ၀န်းက ပခန်းမြို့ရိုးပုံပါ။ ပခန်းကိုကြီးကျော်ရဲ့ အသည်းစွဲ ရှင်ဘို့မယ် နဲ့ သူ့မခမည်းတော် ပခန်းမြို့စား တရဖျားတို့ နန်းစံခဲ့ရာ မြို့တော်ရဲ့ မြို့ရိုးတွေဖြစ်ပါတယ်။ တောင်သုံးလုံးကို မြေညှိ တည်ဆောက်ထားတာမိုလို့ ခံတပ်သဖွယ် ခိုင်ခံလှပါတယ်။ ပန်းနုရောင်နဲ့ ပြထားတာကတော့ ရှေးဟောင်းသုတေသနပြတိုက်ဖြစ်ပါတယ်။ ပခန်းမြို့ဟောင်းဝန်းကျင်မှ တူးဖေါ်ရသမျှကို ပြသထားပါတယ်ခင်ဗျ။
အစိမ်းရောင် အ၀န်းကတော့ ကျွန်တော်တို့စာသင်ကျောင်းပါ။ ညီကိုမောင်နှမတွေအားလုံး ဒီကအခြေခံပညာပြီးပါတယ်။ ကျွန်တော့်မိဘနှစ်ပါးတာဝန်ထမ်းဆောင်ရာ အထကကျောင်းလည်းဖြစ်ပါတယ်ခင်ဗျာ။
အောက်ကပုံကတော့ ကျွန်တော်အမြဲတမ်းလိုလို အိမ်ကို သတိရရင် ငေးကြည့်နေကျ ကျွန်တော်တို့ရပ်ကွက်ပါ။ ကျွန်တော်တို့ အိမ်ထဲက တမာပင်ကြီးရယ် အိမ်ရှေ့မျက်နှာစာကွင်းပြင်ရယ် ထပ်ချဲ့လို့ရမယ်ဆိုရင် မြင်ရဦးမယ့် မိဘနှစ်ပါးနဲ့ ဘိုးဘွား မိသားစုတွေရယ်ပေါ့ဗျာ။ ခုချိန်မှာတော့ ကျွန်တော်ဟာ မိုင်ပေါင်းထောင်ချီဝေးတဲ့ ရေခဲပြင်ဒေသမှာ ရောက်ရှိလို့နေပါတယ်။
အထက်ပါပုံထဲက အစိမ်းရောင်ကတော့ ကျွန်တော်တို့ လိုချင်တဲ့ လတ္တီကျုနဲ့ လောင်ဂျီကျုပေါ့ခင်ဗျာ။
ဒီထက်တိကျတာတော့ ဘာရှိဦးမလဲဗျ။

နောင်တစ်ချိန်မှာ ပခန်းဒေသနဲ့ ပခန်းသားတွေအကြောင်း ဘလော့ပြုလုပ်ဖို့ စိတ်ကူးရှိပါတယ်။
ကျွန်တော်တို့ရွာကို လာလည်ပါ။ ပခန်းသားဆို တစ်ရွာလုံးသိပါတယ်။ တွေ့တဲ့အိမ် ဇွတ်ဝင်တာတည်းပါ။ ရဲစခန်းလည်းရှိပါတယ်။

ဒီပို့စ်ကတော့ စင်္ကာပူမှာ ဒီနေ့မွေးဖွားတဲ့ မိန်းကလေးတစ်ယောက်ကို အကြောင်းပြုပြီး ရွာကို လွမ်းစိတ်ပါပေါင်းရင်း ရေးတာဖြစ်ပြီး၊ အလည်ဖိတ်ခြင်းနဲ့အဆုံးသတ်ပါမယ်ခင်ဗျာ။

အမိမြေဆီကို လှမ်းမျှော်ကြည့်ရင်း အလွမ်းဖြေနိုင်ကြပါစေခင်ဗျာ။
ကိုပခန်း

ဆက်လက်၍...

သူနဲ့ယူရင်ကောင်းမလား(၁)

သူနဲ့ယူရင် ကောင်းမလားဆိုတဲ့ မေးခွန်းနဲ့ မေးလာတတ်ကြပါတယ်။
လောလောဆယ် အပိုင်း(၁) အနေနဲ့ နေ့သားသမီးရွေးပုံလေးကို ရာသီစက်နှစ်ခုတိုက်ဆိုင် စစ်ဆေးပုံလေးနဲ့ စလိုက်ကြတာပေါ့ဗျာ။

ကျားနဲ့မ နှစ်ဦးလုံးအတွက် ဇာတာ တစ်ဆောင်စီဖွဲ့လိုက်ပါခင်ဗျ။

  • မထိမ်းမြားသင့်သည်များ
၁။ ကျားလဂ်ရှိရာ ရာသီသည် မလဂ်ရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။ ဥပမာ


၂။ မလဂ်ရှိရာ ရာသီသည် ကျားလဂ်ရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။ဥပမာ

၃။ ကျားစန်းရှိရာ ရာသီသည် မစန်းရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။ဥပမာ

၎။ မစန်းရှိရာ ရာသီသည် ကျားစန်းရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။
၎။ကျား(သို့)မ မွေးနေ့နံဂြိုလ်သည် တစ်ဦး၏လဂ်မှ ၆တန့်၊ ၈တန့်၊ ၁၂တန့် များတွင် တည်ပါက မထိမ်းမြားသင့်ပေ။ဥပမာ

  • ဘယ်လိုဆိုးလို့ ဘာတွေကောင်းကြသလဲဆိုတော့
၁။ ကျားဇာတာ၏လဂ်တွင် မ၏မွေးနံပူးသော် ချစ်ခင်မှီခိုအားထားရမည်။
၂။ ကျားဇာတာ ၂တန့်တွင် မ၏မွေးနံရပ်သော် သြဇာညောင်းကာ စုဆောင်းမိမည်။
၃။ ကျားဇာတာ ၃တန့်တွင် မ၏မွေးနံရပ်သော် ၀ီရိယကောင်းကာ ကြိုတင်စီမံနိုင်မည်။
၎။ ကျားဇာတာ ၄တန့်တွင် မ၏မွေးနံရပ်သော် မိန်းမ၏အလိုကိုလိုက်ရသည်။
၅။ ကျားဇာတာ ၅တန့်တွင် မ၏မွေးနံရပ်သော် အမြော်အမြင်ကောင်း၍ အရည်အချင်းနှင့်ပြည်စုံမည်။
၆။ ကျားဇာတာ ၆တန့်တွင် မ၏မွေးနံရပ်သော် တဆူဆူတကျက်ကျက် အိမ်ပူမည်။
၇။ ကျားဇာတာ ၇တန့်တွင် မ၏မွေးနံရပ်သော် အိမ်တွင်းမှုရေးရာ အားကိုးရမည်။
၈။ ကျားဇာတာ ၈တန့်တွင် မ၏မွေးနံရပ်သော် အနိုင်ယူ၍ လိမ်လည်တတ်မည်။
၉။ ကျားဇာတာ ၉တန့်တွင် မ၏မွေးနံရပ်သော် ၀ီရိယကောင်း၍ အိမ်တွင်းရေးနိုင်နင်းမည်။
၁၀။ ကျားဇာတာ ၁၀တန့်တွင် မ၏မွေးနံရပ်သော် အေးငြိမ်းတည်ငြိမ်သောစားဝတ်နေရေးဖြင့် ပြည့်စုံမည်။
၁၁။ ကျားဇာတာ ၁၁တန့်တွင် မ၏မွေးနံရပ်သော် စည်းကမ်းသေ၀ပ်၍ သားသမီးများအားကောင်းစွာ ထိန်းသိမ်းနိုင်မည်။
၁၂။ ကျားဇာတာ ၁၂တန့်တွင် မ၏မွေးနံရပ်သော် ပူဆွေးဗျာပါဒရောက်တတ်သည်။

ဤတွင် မဇာတာမှာလည်း ကျားမွေးနံကြည့်၍ ဟောပြောနိုင်မည်ထင်ပါသည်။ မဘက်မှ ကြည့်လျှင် မကောင်းသော်လည်း ကျားဘက်မှကြည့်၍ ကောင်းပါက လက်ထပ်သင့်ပါကြောင်း မှတ်သားဖူးပါသည်။

စစ်ဆေးနည်းများ များစွာကျန်ပါသေးသည်။

ဆက်လက်၍...

ချုပ်နှောင်ဖမ်းဆီးခံရနိုင်သလား

ချုပ်နှောင်ဖမ်းဆီးခံရနိုင်သလားဆိုတဲ့ မေးခွန်းမျိုးအတွက် မှတ်သားဖွယ်ယုဂ်တစ်ခု တင်ပြလိုက်ပါတယ်ခင်ဗျာ။
ဇာတာတွင်းမှာ ဂြိုလ်အချင်းချင်းဖြစ်စေ၊ အတန့်အချင်းချင်းဖြစ်စေ မြင်ယှဉ်ဆက်သွယ် သန္ဗမ္ဓပြုတာကြောင့် ပေါ်ပေါက်လာတဲ့ ထူးခြားဖြစ်စဉ်မျိုးကို ယုဂ်(ယောဂ)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

  • ဗန္ဓနယုဂ်
ဖြစ်ပွားခြင်း
၂တန့်နှင့် ၁၂ တန့်၊ ၃တန့်နှင့် ၁၁တန့်၊ ၄တန့်နှင့် ၁၀တန့်၊ ၅တန့်နှင့် ၉တန့်၊ ၆တန့်နဲ့ ၈တန့်၊ ၆တန့်နှင့် ၁၂တန့် စသည့်အတန့်တို့တွင် ဂြိုလ်လုံးရေတူခြင်း၊ ၆ တန့်သခင် ၁၀တန့်နေခြင်း၊ ၁၀တန့်သခင် ၆တန့်နေခြင်း စသောအခြေအနေများတွင် ၄င်းယုဂ်ဖြစ်ပွားသည်။

အကျိုးဆက်

အချုပ်အနှောင်အဖွဲ့ခံရခြင်းကိုဆိုလိုသည်။

ယုဂ်ပျက်စီးခြင်း
မိန်ရာသီ၌လဂ်တည်သော် ထိုယုဂ်ပျက်သည်။ နှစ်ထပ်သုံးထပ်ရက ပျက်သည်။(ဥပမာ ၂တန့်နှင့် ၁၂ တန့်တွင်လည်း ဂြိုလ်အရေအတွက်ချင်းတူ၊ ၃တန့် ၁၁တန့်မှာပါ ဂြိုလ်အရေအတွက်ချင်းတူပါက နှစ်ထပ်ကွမ်းရသည်ဆိုရမည်။)

ယတြာ
ဒသာပြိုင်စား၍ ခံရခါနီး တစ်လခန့်အလိုမှ စတင်၍ သမထ၊ ၀ိပဿနာတရားများကို လှိုင်ဂူကျောင်းများတွင် သွားကျင့်ကာ ယတြာပြုလုပ်နိုင်သည်။
မှတ်ချက်။ ။ဖြစ်ပွားသောဂြိုလ်တို့ ဒသာအန္တရဒသာများအပြင် ပါပကတ္တရီမိသော စနေဂြိုလ်ပါကူပါက အခြားဂြိုလ်ဆိုးတို့၏ ဒသာများတွင်လည်း မကြာခဏဖမ်းဆီးခံရနိုင်ပါသည်။ နမူနာဇာတာများ ဖေါ်ပြပေးပါဦးမည်။

ဆက်လက်၍...